မဲဘယ်နှစ်မဲ ပေးရမလဲ၊ မဲဘယ်နှစ်မဲ ပေးခွင့်ရှိလဲ

မော်လမြိုင်၊ စက်တင်ဘာ ၁၅ ၊ ၂၀၂၀ ။

မွန်ပြည်နယ်အတွင်းရှိ မဲဆန္ဒရှင် ပြည်သူများ အနေဖြင့် ဆန္ဒမဲ (၃) မဲ ကို မဖြစ်မနေ ပေးရမည် ဖြစ်ပြီး ဗမာ၊ ကရင်၊ ပအိုဝ်း တိုင်းရင်းသား လူမျိုး များမှာ ထပ်မံ၍ မိမိတို့၏ တိုင်းရင်းသား လူမျိုး မဲဆန္ဒနယ် အတွက်တစ်မဲစီ ထပ်မံ၍ ပေးဆောင်ရမည် ဖြစ်သည်။ မဖြစ်မနေ ပေးရမည့် ဆန္ဒမဲ သုံးမဲမှာ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် အတွက် တစ်မဲ ၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အတွက် တစ်မဲနှင့် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အတွက် တစ်မဲတို့ ဖြစ်သည်။ မဲစာရင်းတွင် ဖော်ပြပါရှိသည့် တိုင်းရင်းသားလူမျိုး သတ်မှတ်ဖော်ပြချက်ပါ အတိုင်း ဗမာ၊ ကရင်၊ ပအိုဝ်း တိုင်းရင်းသားများ အနေဖြင့် စုစုပေါင်း ဆန္ဒမဲ (၄) မဲ ပေးရမည် ဖြစ်ပြီး မွန်တိုင်းရင်းသားများမှာမူ မွန်ပြည်နယ်တွင်သာ နေထိုင် သောကြောင့် ဆန္ဒမဲ (၃) မဲသာ ပေးခွင့်ရှိသည်။ ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီး တစ်ခုအတွင်း နေထိုင်သည့် တိုင်းရင်းသား လူမျိုးစု တစ်မျိုးမျိုး အနေဖြင့် မြန်မာနိုင်ငံ စုစုပေါင်း လူဦးရေ၏ သုည ဒသမ တစ်ရာခိုင်နှုန်းနှင့် အထက် (ခန့်မှန်း လူဦးရေ ၅၁၀၀၀ ကျော်) ရှိကြောင်းအထောက်အထား ရှိပါက တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် အတွက် သတ်မှတ် ပေးပိုင်ခွင့် ရှိကြောင်း (၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၆၁ (ဂ) တွင် ဖော် ပြထားပါသည်။ (၂၀၂၀) အထွေထွေရွေးကောက်ပွဲ အတွက် မွန်ပြည်နယ်အတွင်းတွင်တစ်ပြည်နယ်လုံး အတိုင်း အတာဖြင့် ဗမာတိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်၊ ပအိုဝ်းတိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်နှင့် ကရင် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် ဟူ၍ စုစုပေါင်း တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် သုံးခု သတ်မှတ်ထားကြောင်း ရွေးကောက်ပွဲ ကော်မရှင်မှ ကြေညာချက်အမှတ် (၁၁၄/၂၀၂၀) ဖြင့် ထုတ်ပြန် ကြေညာ ထားပါသည်။

NEI’s Election Info Desk